အောင်ပန်းမြို့၌ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင်ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေးဆွေးနွေးပွဲကျင်းပ

တောင်ကြီး  အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ အောင်ပန်းခန်းမ၌ စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့်ဆည်‌မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်‌ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ က‌လောခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုး‌ရေးတောင်သူ လယ်သမားများ၊ ပိုးသတ်ဆေးရောင်းချသည့် လုပ်ငန်းရှင်များ စုစုပေါင်း၂၉၈ ဦးတက်ရောက်ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်တွင်းစားသုံးသူများ အစားအစာဘေးကင်းလုံခြုံမှုရှိရေးသည် အရေးကြီးကြောင်း၊ စိုက်ပျိုးသီးနှံများ၏ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ထွက်ရှိလာသည့် သီးနှံ ထုတ်ကုန်များတွင်  ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးသည်လည်း အရေးကြီးကြောင်း၊ ဝန်ထမ်းများ၊ သီးနှံစိုက်တောင်သူများ၊ ပိုးသတ် ဆေးအရောင်းဆိုင်များ၊ ဝယ်ယူကြိတ်ခွဲသိုလှောင် ရောင်းချသူများ၊ စိုက်ပျိုးရေးထွက်ကုန်များကို တင်ပို့ရောင်းချနေသူများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများအတူတကွ ပူးပေါင်းဆောင်ရွက်ပါက ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်သည့် သီးနှံများကို ထုတ်လုပ်နိုင်မည် ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး၊  စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းက ပြည်ပပို့ကုန်သီးနှံ ထုတ်ကုန်များတွင် ပိုးသတ်‌ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာ ဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်း‌ပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့်ကလောခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သင်တန်းသားများကို သင်ထောက်ကူ ပစ္စည်းများပေးအပ်သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)မှ  သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာပညာရှင်များက  သီးနှံထွက်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်း ကင်းစင်ရေးအတွက် ပိုးသတ်ဆေးသုံးစွဲရာတွင် စနစ်တကျသုံးစွဲရေး၊ ပိုးသတ်ဆေးသုံးစွဲရာတွင်စနစ်တကျသုံးစွဲရေးနှင့် ဘက်စုံသီးနှံကာကွယ်‌ရေး နည်းစနစ်များအား ကျင့်သုံးဆောင်ရွက်နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မျိုးကောင်းမျိုးသန့်များ အသုံး ပြုရေး၊ မြေဆီလွှာအဟာရဓာတ်များ ဖြည့်သွင်းပေးရေး၊ သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာများထည့်သွင်းအသုံးပြုရေး၊ ဓာတ်မြေဩဇာ စနစ်တကျအချိန်ကိုက် အချိုးကျ သုံးစွဲရေးအကြောင်းများကို အသိပညာပေးဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက်ပြန်လည်ရှင်းလင်း ဖြေကြားပြီး အသိပညာပေး စာအုပ်၊ စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်