ရန်ကုန် အောက်တိုဘာ ၁၉
အပြည်ပြည်ဆိုင်ရာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့ (International Day of Intangible Cultural Heritage) အထိမ်းအမှတ်အနေဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနတို့က ကျင်းပသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ စကားဝိုင်းဆွေးနွေးပွဲနှင့်ပြပွဲ” အခမ်းအနားကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက အမျိုးသားပြတိုက်(ရန်ကုန်) ပထမထပ် ဘက်စုံခန်းမ၌ ကျင်းပသည်။
အဆိုပါစကားဝိုင်းဆွေးနွေးနှင့်ပြပွဲကို ရန်ကုန်တိုင်းဒသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု)ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဌေးအောင်၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ငြိမ်း)၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်၊ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှ ပညာရှင်များ၊ ဌာနဆိုင်ရာအသီးသီးနှင့် တက္ကသိုလ်ကောလိပ်များမှ ဖိတ်ကြားထားသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ မျိုးဆက်သစ်လူငယ်များနှင့်အမျိုးသားပြတိုက်(ရန်ကုန်)မှ ဝန်ထမ်းများတက်ရောက်ကြပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအောက်ရှိ ဌာနခွဲ၊ ဌာနစုအသီးသီးမှ အရာထမ်း၊ အမှုထမ်းများကလည်း Online ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာ မြန်မာတို့၏ ဒြပ်ရှိ၊ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် မြန်မာ့ယဉ်ကျေးမှုဖြစ်ပါကြောင်း၊ ဒြမ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ယူနစ်စကိုစာရင်းဝင် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကမ္ဘာ့အဆင့်ဖြစ်အောင် ကဏ္ဍပေါင်းစုံ ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြသဖြင့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် စာရင်းဝင်ခဲ့သည်မှာ အားလုံးအသိဖြစ်ပါကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးအတွက် ဝန်ကြီးဌာနသာမက သက်ဆိုင်ရာတိုင်းဒေသကြီး အသီးသီးမှ ကူညီထောက်ပံ့မှု သက်ဆိုင်အသင်းအဖွဲ့အသီးသီးမှ ပညာရှင် များ၊ လူမှုအသိုက်အဝန်းမှ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိန်းစောင့်ရှောက်ရေးကဏ္ဍအဖြစ် လှုပ်ရှားမှုများ၊ ပြပွဲများ စသည်တို့ကိုလည်း ဝိုင်းဝန်ကူညီဆောင်ရွက်ပေးကြစေလိုကြောင်းစသည်တို့ကို ပြောကြားသည်။
ဆက်လက်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု)ဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဒေါက်တာကေသီထွေးက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
၎င်းနောက် စကားဝိုင်းဆွေးနွေးပွဲအဖြစ် မြန်မာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ အဓိပ္ပာယ်၊ အရေးပါမှု လက်ဆင့်ကမ်းနည်းလမ်းများနှင့်အသိပညာဝေမျှမှု အစီအစဉ်၊ မြန်မာ့လက်ဖက်သမိုင်းနှင့် အရေးပါမှု၊ ထိန်းသိမ်းမှုနည်းလမ်းများနှင့် ယူနက်စကိုစာရင်းဝင်ရန် လုပ်ဆောင်ချက်များအား ဆွေးနွေးခြင်းအစီအစဉ်၊ မြန်မာ့ကြိုးကြီးချိတ်၏ ယဉ်ကျေးမှုအရေးပါမှုနှင့် လူ့ဘောင်အကျိုးသက်ရောက်မှုများအား ဆွေးနွေးခြင်းအစီအစဉ်ဟူ၍ အစီအစဉ်(၃)ရပ်ဖြင့် သက်ဆိုင်ရာပညာရှင်များက ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု)ဒေါ်နုမြဇံနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)