၂၀၂၅ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ၊ အားကစားပြိုင်ပွဲ၊ ရန်ကုန်ဇုန်(၂) အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၉

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ၊ အားကစားပြိုင်ပွဲ၊ ရန်ကုန်ဇုန်(၂) အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက ဒေါပုံမြို့နယ်၊ အားကစားခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဘော်လီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲနိုင်၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားအား အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် နေရာအလိုက် အားကစားသမားဆုများ ဖြစ်သည့် စပေးဘော အကောင်းဆုံးဆုကို (သင်္ဃန်းကျွန်း)ပညာရေးဒီဂရီကောလိပ်မှ ဇင်ဇင်ထွေး၊ ပင့်ထောင်ဆု အားကစားသမားဆုကို (ထားဝယ်) ပညာရေးဒီဂရီကောလိပ်မှ နန္ဒာဝင်း၊ ဆယ်မဆု အားကစားသမားဆုကို (သင်္ဃန်းကျွန်း) ပညာရေးဒီဂရီကောလိပ်မှ ဆုလဲ့ဝင့်ထည်၊ ပိတ်ဆို့ဆု အားကစားသမားဆုကို (ထားဝယ်) ပညာရေးဒီဂရီကောလိပ်မှ အေးအေးကျော်၊ ရိုက်ခုတ်ဆု အားကစားသမားဆုကို (ရန်ကင်း) ပညာရေးဒီဂရီကောလိပ်မှ နှောင်းယုဝေ၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် နေရာအလိုက် အားကစားသမားဆုများဖြစ်သည့် စပေးဘော အကောင်းဆုံးဆုကို (တောင်ငူ)ပညာရေးဒီဂရီကောလိပ်မှ အောင်ပိုင်၊ ပင့်ထောင်ဆု အားကစားသမားဆုကို (ပြည်) ပညာရေးဒီဂရီကောလိပ်မှ ဇင်ဝေယံ၊ ဆယ်မဆု အားကစားသမားဆုကို (ပုသိမ်) ပညာရေး ဒီဂရီကောလိပ်မှ မင်းမဟော်၊ ပိတ်ဆို့ဆု အားကစားသမားဆုကို (ပုသိမ်) ပညာရေးဒီဂရီကောလိပ်မှ ပိုင်စိုးပိုင်၊ ရိုက်ခုတ်ဆု အားကစားသမားဆုကို (ပြည်) ပညာရေးဒီဂရီကောလိပ်မှ ရန်ပိုင်ထွန်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးရရှိသော အားကစားသမားဆုကို (ရန်ကင်း) ပညာရေးဒီဂရီကောလိပ်မှ ဇင်မြင့်မြတ်ဦး၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးရရှိသော အားကစားသမားဆုကို (ပုသိမ်) ပညာရေးဒီဂရီ ကောလိပ်မှ ရန်ပိုင်ထွန်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသော (ထားဝယ်) ပညာရေးဒီဂရီကောလိပ်အသင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသော (တောင်ငူ) ပညာရေးဒီဂရီကောလိပ်အသင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသော (သင်္ဃန်းကျွန်း) ပညာရေးဒီဂရီကောလိပ်အသင်းနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆု ရရှိသော (ပြည်) ပညာရေးဒီဂရီကောလိပ်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော (ရန်ကင်း) ပညာရေးဒီဂရီကောလိပ်အသင်းနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော (ပုသိမ်) ပညာရေးဒီဂရီကောလိပ်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက တစ်ဦးချင်း ဆုတံဆိပ်များ၊ တံခွန်စိုက်ဆုဖလားများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)