ပျော်ဘွယ်မြို့နယ် သူဌေးကုန်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အသိပညာပေးဟောပြောခြင်းနှင့် ပျော်ရွှင်မှုရရှိစေရန် အားကစားပြိုင်ပွဲငယ်များ ကျင်းပ

ပျော်ဘွယ် အောက်တိုဘာ ၁၈

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲခြင်း၊ ပျော်ရွှင်မှုရရှိစေရေန် အားကစားပြိုင်ပွဲငယ်များ ကျင်းပပေးခြင်းကို အောက်တိုဘာလ (၁၇) ရက်၊ နံနက်(၉)နာရီခွဲအချိန်က သူဌေးကုန်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက အသက်အရွယ်နှင့် လိုက်လျောညီထွေမည့် စာပေဖတ်ရှုရေးအကြောင်းအရာများ၊ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန်အတွက် အားကစားပြိုင်ပွဲငယ်များ ကျင်းပပေးမည့် အကြောင်းအရာများကို ဆွေးနွေးသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း၊ ဆက်လက်၍ အားကစားပြိုင်ပွဲငယ်များအဖြစ် သရေကွင်းသယ်ဆောင်နည်း၊ ဘောလုံးလက်ဆင့်ကမ်းသယ်ဆောင်နည်းတို့ကို ကျင်းပပေးခဲ့ပြီး ဆုရရှိသည့်အသင်းများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)