ရန်ကုန် အောက်တိုဘာ ၁၈
ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်ရုံးအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး(Road Safety) ဟူသည့် ရည်မှန်းချက်အတိုင်း လမ်းအသုံးပြုသူတိုင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာစေရန် ရည်ရွယ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာအသိပညာများကို ယမန်နေ့နံနက်ပိုင်းက အင်းစိန်မြို့နယ် အ.ထ.က (၇) ကျောင်းတွင် အသိပညာပေး ဟောပြောခဲ့ကြသည်။
ဟောပြောပွဲတွင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်းစိန်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးသိန်းအေးထွန်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များနှင့် တိုင်းဒေသကြီး(ရုံးခွဲ) မှ စစ်ဆေးရေးမှူး(၃) ဦးအောင်ကျော်စိုးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် သတိပြုလိုက်နာရမည့် မီးပွိုင့်များအကြောင်း၊ Road Sign များအကြောင်းကို အသိပညာပေး ရှင်းလင်းဟောပြောပေးခဲ့ကြသည်။
ဆက်လက်၍ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်းစိန်ခရိုင်ရုံးမှ ဝန်ထမ်းများက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၄၀၀) ဦးတို့ကို ဖြန့်ဝေပေးခဲ့ကြပြီး တက်ရောက်လာကြသူများကလည်း ပြသထားသည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)