ချမ်းမြသာစည် အောက်တိုဘာ ၁၈
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေကံ့ကော် ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်း၀င်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းက Moderator အဖြစ် ဦးဆောင်ဆွေးနွေးခဲ့ပြီး Grade (12)၊ Grade (11) နှင့် Grade (10) မှ ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် ပညာရေး၊လူငယ်နှင့် ယဉ်ကျေးမှုစသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
လူငယ်စကားဝိုင်းသို့ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ၊ ရွှေကံ့ကော် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့ (ချမ်း/စည်)