ဒလ အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလေ့လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ခနောင်ချောင်းဝကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးပြောကြားရာတွင် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ၊ အတွေးအခေါ်များ ကျယ်ပြန့်၍ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာရေးခြားရှိစေရေး အသိပညာ၊ အတက်ပညာသာမက ပြင်ပစာပေဗဟုသုတများ လေ့လာရမည်ဖြစ်ကြောင်း၊ လူတော်လူကောင်းလေးများ၊ နိုင်ငံ့သားကောင်းရတနာလေးများ ဖြစ်လာစေရန် ငယ်ရွယ်စဉ်ကပင် စာအုပ်စာပေများကို များများဖတ်မှတ်လေ့လာဆည်းပူးကြစေလိုကြောင်း စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအမျိုးအစားများနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)