သန်လျင်မြို့နယ် အ.ထ.က (ပျဉ်ထောင်) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများ ကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၈

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀) နာရီက ပျဉ်ထောင် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများ ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိရေးအတွက် စာပေဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်သော အသိပညာဗဟုသုတများ၊ ရည်ရွယ်ချက်/ရည်မှန်းချက်ထားရှိရန်၊ နယ်လှည့်အသိပညာပေး လုပ်ငန်းများ လာရောက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်/စာပေများ (အခမဲ့) လာရောက်ငှားရမ်း ဖတ်ရှုခြင်းဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန် စသည့်အကြောင်းအရာများကို အကျယ်တဝင့်ဟောပြောကြားပြီး ‌ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီမွန်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပကာ ဆုရှိသူများအား ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ဂိမ်းကစားပြိုင်ပွဲများအား ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ ပျဉ်ထောင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၃၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)