လယ်ဝေး အောက်တိုဘာ ၁၇
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် မဲစာရင်းများ ကပ်ထားကြေညာမှုအား ကွင်းဆင်းကြည့်ရှုအားပေး၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် လမ်းဘေးဝဲယာ သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် အေလာကျေးရွာနှင့် ရုံးပင်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားမှုအား လာရောက်ကြည့်ရှုနေသည့် ကျေးရွာပြည်သူများနှင့်အုပ်ချုပ်ရေးမှူးများအားတွေ့ဆုံ၍ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းတွင် မပါဝင်သေးသူများ ပါဝင်ဆန္ဒမဲပေးနိုင်ရေး၊ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများ မဲပေးနိုင်ရေး၊ မသန်စွမ်းသူများမဲပေးနိုင်ရေး၊ သေဆုံးစာရင်းများ မဲအမည်စာရင်းမှပယ်ဖျက်နိုင်ရေး စသည့် အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားကြရေး ရှင်းလင်းမှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရွာသစ်-ရုံးပင်-ရှမ်းရွာ-ဗွက်ကြီးရိုး-သဖန်းပင် -ရေကာ-ဘိုကတော်-ကြို့တန်း-သစ်ခေါက်ခွ-ကြို့ပင် ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းတွင် ရွာသစ်ကျေးရွာမှ ရုံးပင်ကျေးရွာအထိ ၀.၄ကီလိုမီတာအား ကတ္တရာလမ်းခင်းရန်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးတို့ကို မှာကြားခဲ့သည်။
အလားတူ နေပြည်တော်ကောင်စီဝင်သည် ယမန်နေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ် အမှတ်(၆)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် ရေအိုးစဉ်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာမှုအား ကြည့်ရှုအားပေးကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ကျေးရွာကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုရန် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ အခြားမိသားစုဝင်များပါ လာရောက်ကြည့်ရှု၍ လိုအပ်သည်များကို အမြန်ဆုံးကူညီဖြေရှင်းပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)