တိုက်ကြီး အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်၊ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ၊ တာဝန်ခံအင်ဂျင်နီယာ၊ ပန်းရာဇာအရည်အသွေးစစ်ဆေးရေးကုမ္ပဏီနှင့် လုပ်ငန်းဆောင်ရွက်နေသည့် မြင့်မြတ်မွန်ကုမ္ပဏီမှ တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် မြင့်မြတ်မွန်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် နန်းတော်ကုန်းကျေးရွာနှင့် ပျဉ်းမကုန်းကျေးရွာတို့၌ အကျယ် ၄ လက်မခွဲ၊ အနက်ပေ ၃၀၀ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ ဂါလံ ၂၀၀၀ ဆံ့ အုတ်ရေကန်နှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ရန်လုံးနိုင်ကျေးရွာ၌ ဌာနမှတာဝန်ယူဆောင်ရွက်နေသော ဂါလံ ၂၀၀၀ ဆံ့ အမြင့်တင်ရေစင်တည်ဆောက်ခြင်းလုပ်ငန်းနှင့် အရှည်ပေ ၂၀၀၀ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်က လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)