သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများကွင်းဆင်းကြည့်ရှု

ညောင်ဦး အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၌ သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေး ခရိုင်အဆင့်လုပ်ငန်းအဖွဲ့မှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးသည်။

အဆိုပါ ခရိုင်အဆင့်မြေပြင်ကွင်းဆင်းလုပ်ငန်းအဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး) ကျောင်းဝန်းအတွင်း ကျောင်းသား/ကျောင်းသူများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသည့် သစ်ပင်ပန်းမန်များ၊ ကလေးကစားကွင်း ဆောင်ရွက်ထားရှိမှု၊ အရိပ်ရသစ်ပင်များစိုက်ပျိုးထားရှိမှု၊ ကားတာယာကွင်းအဟောင်းများ အသုံးပြုကာ ကျောင်းပတ်ဝန်းကျင် သာယာလှပစေရေး ဆောင်ရွက်ထားရှိမှု၊ သစ်ခွမျိုးစုံစိုက်ပျိုးထားရှိမှု၊ စက္ကူအသုံးပြုရုပ်ပုံဖန်တီးထားရှိမှုနှင့် ချည်လုံး၊ ချည်ထိုးကာ သစ်ပင်ပုံဖန်တီးထားရှိမှုတို့ကို စစ်ဆေးသည်။ ထို့နောက် ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ခ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ရည်မွန်သူ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူး ဒေါ်ခင်တင့်တင့် အောင်က သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းများအား သတ်မှတ်ထားသည့်အခြေခံစံနှုန်း (၄)ချက်၊ အညွှန်းကိန်း (၁၇)ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုတို့ကို သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့်ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ဒီပါလင်း