မန္တလေး အောက်တိုဘာ ၁၇
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် အထက(၂၇)အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဆုချီးမြှင့်ပွဲကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ဝေဝေဖြိုးက အမှာစကားပြောကြားပြီး တိုင်းပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ မဟာအောင်မြေခရိုင်ပညာရေးမှူးဒေါက်တာသက်လှစု၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အထက်တန်း၊ အလယ်တန်း၊မူလတန်း လူငယ်စကားဝိုင်း၊ စာစီစာကုံးပြိုင်ပွဲ၊ပုံပြင်ပြောပြိုင်ပွဲ၊ကဗျာရွတ်ပြိုင်ပွဲ၊ကျပန်းစကားပြောပြိုင်ပွဲတို့မှဆုရရှိသော ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက်အဘက်ဘက်မှ ပါဝင်လှူဒါန်းပေးသော စေတနာအလှူရှင်များကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းနိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။
အခမ်းအနားတွင် မန္တလေးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများက ရိုးရာတေးဂီတတေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ဇင်မင်းမောင်