ကျောက်ပန်းတောင်း အောက်တိုဘာ ၁၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို၊ ဌာနဆိုင်ရာများနှင့်စာသင်ကျောင်းများတွင် ပုံမှန်ဆောင်ရွက်လျှက်ရှိရာ အောက်တိုဘာ၁၇ရက် နံနက်(၁၀)နာရီက ပြည်တော်သာရပ်ကွက်ရှိ Leaders Of Tomorrow International School တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်က ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းများနှင့် အရေးပေါ်မီးငြှိမ်းသတ်နည်းများအကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အထောက်အကူပြုပစ္စည်းများအသုံးပြု၍ ကူညီကယ်ဆယ်ရေးဆောင်ရွက်ရခြင်းအကြောင်းများကို ရှင်းလင်းဟောပြောသည်။ ယင်းနောက် ကျောင်းရှေ့ မြေကွက်လပ်တွင် မီးသတ်ဆေးဘူးအသုံးပြုမီးငြှိမ်းသတ်နည်းနှင့် ဆီမီးလောင်မှုအရေးပေါ်မီးငြှိမ်းသတ်နည်းများကို ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ပူးပေါင်းပါဝင်စေခြင်းဖြင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး၊ စာသင်ဆောင်များတွင် မီးဘေးလုံခြုံရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်စစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါအသိပညာပေးဟောပြော/သရုပ်ပြပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၁၀၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)