ခေတ္တပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၈)(၁၀/၂၀၂၅)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ

မော်လမြိုင် အောက်တိုဘာ ၁၇

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၈)(၁၀/၂၀၂၅) သို့တက်ရောက်ရန် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်းတွင်ရောက်ရှိနေသော မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်း ရတနာများအား ယနေ့နံနက်ပိုင်းက ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်က သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှ သင်ကြားပေးသောစစ်ပညာရပ်များကို ကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့်ရေးစွမ်းရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် အားထုတ်ဆောင်ရွက်ပေးကြဖို့မှာကြားလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတစ်ဦး၏တာဝန်အဖြစ် စစ်မှုထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရေးတို့အတွက် မွန်မြတ်သောတာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၈) (၁၀/၂၀၂၅)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဝတ်စုံများပေးအပ်သည်။

ထို့နောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၈)(၁၀/၂၀၂၅)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တစ်ဦးချင်းရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်အားပေးစကားများပြောကြားပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့​ကြောင်းသိရသည်။

စည်သူ(ပြန်/ဆက်)