မန္တလေး အောက်တိုဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က(၂၇) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများအား ဘင်ခရာအဖွဲ့၊ ပန်းပွားအကအဖွဲ့နှင့် Fitness Dance အကအဖွဲ့များက ကြိုဆိုကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တရားလွတ်တော် တရားသူကြီးချုပ် ဒေါ်လှမြင့်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပညာရေးမှူး ညွှန်ကြားရေးမှူး (စီမံ/ဘဏ္ဍာ)ဆရာကြီး ဦးအောင်ဆွေဦး၊ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးနှင့် မဟာအောင်မြေခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘင်ခရာအဖွဲ့၊ ပန်းပွားအကအဖွဲ့နှင့် Fitness Dance အကအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ ရိုးရာတေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ဆက်လက်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် အလှူငွေများလှူဒါန်းခဲ့သော အလှူရှင်များအား လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးမှ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးနှင့် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းနိုင်တို့မှ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။
အခမ်းအနားအပြီးတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်