မိုင်းကိုင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲကျင်းပ

မိုင်းကိုင် အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက ဟောပြောပွဲနှင့်ပြပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးဗိုလ်ဌေး၊ မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထက်၊ နယ်မြေခံတပ်မှ ဗိုလ်ကြီးအောင်ကျော်မိုး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းလိုင်တို့က မူးယစ်ဆေးဝါးအန္တရာယ်၊ အွန်လိုင်းလိမ်လည်မှု၊ လူငယ်လူရွယ်နှင့်ဥပဒေပညာ၊ လူငယ်နှင့်အသိပညာအတတ်ပညာ၊ မူးယစ်ဆေးဝါးနှင့်ကျန်းမာရေး စသည့်ခေါင်းစဉ်များဖြင့် အသီးသီးအသိပညာပေးဟောပြောကြရာ တက်ရောက်လာကြသည့် လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကို ခင်းကျင်းပြသားရာ တက်ရောက်လာသူ လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချော (မိုင်းကိုင်)