တွံတေး အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ တွံတေးမြို့၊ အ.မ.က(ငါးခုမ္မစမ်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အ.မ.က(ငါးခုမ္မစမ်း)ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလာဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က စားသုံးသူအကာအကွယ်ပေးရေးဥပဒေအကြောင်းနှင့် အစားအစာအကြောင်း သိကောင်းစရာများအား ဟောပြောကာ စာရေးဆရာဝင်းထွဋ်ဦးက ယနေ့လူငယ်နှင့် ရသစာပေခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းမှသင်ကြားပေးသော ပညာရပ်များအပြင် အခြားသောအထွေထွေဗဟုသုတအတွက် စာပေဖတ်ရှုရန်လိုအပ်ကြောင်း၊ စာအုပ်စာပေကသာ ကျောင်းသား/ကျောင်းသူများ၏ ဘဝကို ပြောင်းလဲပေးနိုင်ကြောင်း၊ စာပေဖတ်ရှုသည့်အတွက် အကျိုးအကြောင်း အဆိုးအကောင်းတို့ကို ဝေဖန်ပိုင်းခြားတတ်လာမည်ဖြစ်ကြောင်း၊ မည်သည့်ကိစ္စကိုမဆို ကိုယ်တိုင်စဉ်းစား တွေးခေါ်တတ်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်ပြဘုတ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင် တွံတေး