နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် လမ်းရေကျော်မှုများ၊ ချောင်းရေတိုက်စားမှုများ ကြည့်ရှု၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်တွေ့ဆုံ

တပ်ကုန်း အောက်တိုဘာ ၁၆

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေးကားလမ်းနှင့် ရှောက်ကုန်းကျေးရွာဆက်သွယ်ထားသည့် ကျေးရွာအဝင်လမ်းအား နဝင်းချောင်းရေကျော်မှုများကြည့်ရှုကာ ကျေးရွာပြည်သူများ လမ်းပန်းဆက်သွယ်မှုအခက်အခဲမဖြစ်ပေါ်စေရေး လိုအပ်သည်များ သက်ဆိုင်ရာတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် (ကပစ)ကွန်ကရစ်လမ်းအနီး၊ ကွင်းအမှတ် ၁၄၁၄ အတွင်း နဝင်းချောင်းရေလျှံပြီး စပါးစိုက်ခင်းများအား ရေဝင်ရောက်မှုအခြေအနေများ ကြည့်ရှု၍လည်းကောင်း၊ ခရိုင်ချင်းဆက်လမ်းအနီး၊ ကွင်းအမှတ် ၁၃၉၇ ကွင်း၊ မုန်ချောင်းရေများ လယ်ယာမြေများအတွင်း ဝင်ရောက်နေမှုနှင့်ခရိုင်ချင်းဆက်လမ်း ရေတိုက်စားပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်ဆက်လမ်းအသုံးပြုသည့် ပြည်သူများသွားလာရေး အခက်အခဲမရှိစေရေး သက်ဆိုင်ရာဌာနများအား ဆွေးနွေးမှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ညောင်ပင်သာကျေးရွာသို့ရောက်ရှိ၍ နဝင်းချောင်းနှင့်ချောင်းကမ်းရေတိုက်စားမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မကျီးပင်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆန္ဒမဲစာရင်းများ ကပ်ထားကြေညာထားမှုအားကြည့်ရှုပြီး မဲစာရင်းများပြည့်စုံမှန်ကန်ရေး သက်ဆိုင်ရာတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ရောက်ရှိ၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ရာ နေပြည်တော်ကောင်စီဝင်က ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးအောင် ဆောင်ရွက်ရေး၊ မဲစာရင်း ပြည့်စုံမှန်ကန်စေရေးနှင့် အလေးထားဆောင်ရွက်ရေး၊ တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူပေါင်းဆောင်ရွက်ရေးနှင့် စိုက်ပျိုးရေးတောင်သူများ သီးညှပ်စိုက်ပျိုးဆောင်ရွက်ရေးဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်