တပ်ကုန်းမြို့၌ Grade 12 ကျောင်းသား/ကျောင်းသူများအား ဘာသာရပ်မိတ်ဆက်ပေးခြင်း ဆောင်ရွက်

တပ်ကုန်း အောက်တိုဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် Grade 12 ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်မိတ်ဆက်ပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ‌ဗိုလ်မင်းရောင်ရပ်ကွက်၊ အောင်ဆန်းခန်းမတွင် ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်သီသီကြိုင်နှင့် အခြေခံပညာအထက်တန်း ကျောင်းအုပ် ဆရာ၊ ဆရာမများ၏ ကြီးကြပ်မှုဖြင့် Naypyitaw State Academy တက္ကသိုလ် ပါမောက္ခများသည် အဖွဲ့လေးဖွဲ့ခွဲ၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများမှ Grade 12 ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးပါက Naypyitaw State Academy တွင် တက်ရောက်ပညာသင်ကြားနိုင်မည့် ဘာသာရပ်များအား ရွေးချယ်သင်ယူ နိုင်ရေး ဘာသာရပ်မိတ်ဆက်ခြင်းပြုလုပ်ခဲ့ရာ အဖွဲ့(၁)မှ ပါမောက္ခ(ဌာနမှူး)ဒေါက်တာ လှလှနွယ် နှင့် ပါမောက္ခများက မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ စာကြည့်တိုက်နှင့်သုတပညာ၊ လူမှုရေးပညာဘာသာရပ်တို့အား မြို့နယ်အတွင်းရှိ အ.ထ.က ကျောင်း ၁၃ ကျောင်း၊ အ.ထ.က (ခွဲ) ကျောင်း ၁၄ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၅ ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၇၇၉ ဦးတို့အား ဘာသာရပ်မိတ်ဆက်ပြောကြားခဲ့သည်။

ဆက်လက်၍ အောက်တိုဘာလ ၁၄ ရက်တွင် အဖွဲ့(၂)၊ အဖွဲ့(၃)နှင့် အဖွဲ့(၄)တို့မှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာ သီတာပြုံးနှင့် ပါမောက္ခများက ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ အားကစားပညာရပ်တို့အား မိတ်ဆက်ပြောကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်