နမ့်စန်မြို့ အ.ထ.ကကျောင်းတွင် ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲကျင်းပ

နမ့်စန်(တ) အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း (နမ့်စန်)၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲကို ယနေ့ နေ့လည် ၁ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အဆိုပါ အ.ထ.ကကျောင်းဝန်းအတွင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(နမ့်စန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်နှင့် ဆရာ/ဆရာမများက ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်တို့အား ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့၍ သံဃာတော်အရှင်သူမြတ်တို့ထံမှ ဩဝါဒကထာနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ဗုဒ္ဓရုပ်ပွားတော်အား ရှေ့ဆုံးမှ ပင့်ဆောင်၍ မြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်း(၅)ကျောင်းမှ သံဃာတော်များနှင့်သာမဏေများ စုစုပေါင်း (၁၅၀)ပါးက ကျောင်းဝန်းအတွင်း ကြွရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်နှင့် ဆရာ/ဆရာမများ ၊ ကျောင်းသားကျောင်းသူများက ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ဝတ္တု ပစ္စည်းမျိုးစုံတို့ကို စုပေါင်းလောင်းလှူ ကုသိုလ်ယူခဲ့ကြကြောင်းသိရသည်။

သူရအောင်(နမ့်စန်)