မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ(မော်လမြိုင်)သို့ နည်းပညာတက္ကသိုလ်(မော်လမြိုင်) အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှ ကျောင်းသား/ သူများ လာရောက်ကွင်းဆင်းလေ့လာ

မော်လမြိုင် အောက်တိုဘာ ၁၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန နည်းပညာတက္ကသိုလ်(မော်လမြိုင်) အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ကြီးကြပ်သူဆရာမ (၂)ဦး၊ ကျောင်းသား/သူ (၂၀)ဦးတို့က အောက်တိုဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်မော်လမြိုင်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၏ ရုပ်သံဖမ်းယူထုတ်လွှင့်မှု လုပ်ငန်းအဆင့်ဆင့်အား  လာရောက်ကွင်းဆင်း လေ့လာခဲ့ကြသည်။

ရှေးဦးစွာ အီလက်ထ‌ရောနစ်အင်ဂျင်နီယာဌာနမှ ဒုတိယနှစ် ကျောင်းသား/သူများအား ထပ်ဆင့်လွှင့်စက်ရုံတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ မှတ်တမ်းဗွီဒီယိုအား ဖွင့်လှစ်ပြသခဲ့ပြီး ထပ်ဆင့်လွှင့်စက်ရုံ (မွန်ပြည်နယ် ကရင်ပြည်နယ် ဇုန်နယ်မှူး) အင်ဂျင်နီယာမှူး ဦးဇော်မင်းထွန်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတင်ထုတ်လွှင့်ခဲ့သည့် ခုနှစ်၊ နည်းစနစ်များ၊ နေပြည်တော်၊ တပ်ကုန်းရုံးချုပ်မှ ပေးပို့သည့် မြန့်မာ့အသံနှင့်ရုပ်မြင်သံကြား အစီအစဥ်များအား  Thai Com ဂြိုလ်တုနှင့် Myanmar Sat-2 ဂြိုလ်တုတို့ဖြင့် ဖမ်းယူပြီး ၊ 3KW DVB-T2 ရုပ်သံလွှင့်စက်၊ 2KW မြန်မာ့အသံ FM Radio လွှင့်စက်တို့ဖြင့် မွန်ပြည်နယ်အတွင်း ထပ်ဆင့်ဖမ်းယူထုတ်လွှင့်ခြင်းလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်တို့အား လိုက်လံရှင်းလင်း ပြသခဲ့သည်။

ထို့အပြင် ပြည်နယ်အတွင်းရှိ ထပ်ဆင့်လွှင့်စက်ရုံများနှင့် လုပ်ငန်းဆောင်ရွက်မှုများ၊ DVB-T2 Set-Top Box နှင့် Myanmar Sat-2 ဂြိုလ်တုတို့မှတဆင့်  C-Band စနစ်၊ Ku-Band (DTH) စနစ်များဖြင့် Digital ရုပ်သံလိုင်းများ ဖမ်းယူပုံအဆင့်ဆင့်နှင့် စက်ရုံဝင်းအတွင်းရှိ 100 မီတာ တာဝါတိုင်တွင် တပ်ဆင်အသုံးပြုထားသည့် အင်တာနာများအကြောင်း၊ Thaicom နှင့် Myanmar Sat-2 ဂြိုလ်တုစလောင်းများအကြောင်းကို လိုက်လံရှင်းလင်းပြသခဲ့ရာ ကျောင်းသား/သူများမှ သိလိုသည်များနှင့်စပ်လျဥ်း၍ စိတ်ပါဝင်စားစွာ မေးမြန်းမှုကို ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)