ပျော်ဘွယ်မြို့နယ်၊ အ.ထ.က(ကျီနီ)တွင် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပျော်ဘွယ် အောက်တိုဘာ ၁၆

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို အောက်တိုဘာလ(၁၄)ရက်၊ နံနက်(၉)နာရီက ကျီနီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရန်ရှောင်ရန်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိအောင် စာပေမှသော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်းမှသော်လည်းကောင်း လေ့လာနိုင်မည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း၊ အလားတူအခြေခံပညာအထက်တန်းကျောင်း(ရွာသာ)တွင်လည်း လူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)