မိတ္ထီလာ အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ပြည်ပပို့ကုန်သီးနှံ ထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးလွင်က စိုက်ပျိုးရေးထုတ်ကုန်များ ကမ္ဘာ့စျေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်တွင်းစားသုံးသူများ အစားအစာဘေးကင်းလုံခြုံမှုရှိရေးသည် အရေးကြီးကြောင်း၊ စိုက်ပျိုးရေးသီးနှံများ၏ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ထွက်ရှိလာသော သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးသည် အရေးကြီးပါကြောင်း၊ ဝန်ထမ်းများ၊ သီးနှံစိုက်တောင်သူများ၊ ပိုးသတ်ဆေးအရောင်းဆိုင်များ၊ စိုက်ပျိုးရေး ထွက်ကုန်များကို ကုန်သွယ်မှုပြုနေသူများ၊ နိုင်ငံခြားကို တင်ပို့ရောင်းချနေသူများ၊ သက်ဆိုင်ရာမှ တာဝန်ရှိသူများ အတူတကွ ပူးပေါင်းဆောင်ရွက်ပါက ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သော သီးနှံများကို ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။ ၎င်းနောက် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းက ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် သီးနှံကာကွယ်ရေးဆိုင်ရာ အသိပညာများကိုလည်းကောင်း၊ ဒေါက်တာခင်မာလာမြင့်က အင်းဆင်းဖျက်ပိုးများအား ဘက်စုံကာကွယ်ရေးနည်းလမ်းများ အသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ ဒေါက်တာဝင်းသန်းက သီးနှံရောဂါများအား ဘက်စုံကာကွယ်ရေးနည်းလမ်းများ အသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ ဒေါက်တာ ခင်အေးပွင့်ခိုင်က သီးနှံဖျက်ပေါင်းပင်များအား ဘက်စုံ ကာကွယ်ရေးနည်းလမ်းများ အသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ ဒေါက်တာရီရီချိုက ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ ဒေါ်သင်းသင်းချိုက မြေဆီလွှာ စီမံခန့်ခွဲမှု နည်းလမ်းများနှင့် ဓာတ်မြေသြဇာစနစ်တကျအသုံးပြုနည်းများကို လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ပြီး အသိပညာပေးစာအုပ်များနှင့် စာစောင် များ ဖြန့်ဝေခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးနှင့် ပိုးသတ်ဆေးကင်းစင်ပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထုတ်ကုန်များ ထွက်ပေါ်လာစေရန်၊ အကျိုးအမြတ် ပိုမိုရရှိစေရေးရည်ရွယ်၍ ကျင်းပရာဆွေးနွေးပွဲသို့ မိတ္ထီလာခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စိုက်ပျိုးရေးဝန်ထမ်းများ၊ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ စိုက်ပျိုးရေးတောင်သူများ၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာရောင်းချသည့် လုပ်ငန်းရှင်များ စုစုပေါင်း ၂၈၂ ဦး တက်ရောက်ခဲ့ပြီး ၎င်းဆွေးနွေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)