မြစ်ကြီးနား အောက်တိုဘာ ၁၆
ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံပညာကျောင်းနေ ကလေးငယ်များ အသက်အရွယ်အုပ်စုအလိုက် ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT) နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) များ ထိုးနှံးပေးခြင်းလုပ်ငန်းကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာထက်၊ လယ်၊ မူ ကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းသည် မြစ်ကြီးနားမြို့ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၏ အကူအညီဖြင့် အသက်(၅)နှစ်မှ (၇)နှစ်အတွင်း ကျောင်းသားကလေးငယ်များအား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT) များနှင့် အသက် (၉)နှစ်နှင့် (၁၂)ကြားရှိ ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ကို ထိုးနှံပေးနေမှုကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၏ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးသည် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌လည်း ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသားကလေးငယ်များအား အာဟာရဖြစ်မုန့်နှင့် ရေသန့်ဘူးများကို ဝေငှကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)