ကျောက်တံတား အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီးစိုးရအဖွဲ့၊ မ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးသည် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဦးစွာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ မဲစာရင်းမှန်ကန်မှုရှိစေရေးနှင့် မဲစာရင်းတွင် မပါဝင်သူများအား သတ်မှတ်ပုံစံများအတိုင်း လျှောက်ထားစေရေး၊ နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုမရှိစေရေးအတွက် မဲစာရင်းတွင် ပါဝင်သင့်သူများ ပါရှိစေရေး၊ မပါဝင်သင့်သူများ မဲစာရင်းတွင်ပါဝင်မှုမရှိစေရေးနှင့် မဲပေးခွင့်ရှိသည့် နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် စိတ်ကောင်း၊ စေတနာကောင်းထားရှိကာ ဆောင်ရွက်ရေးဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထွေးဦးက မြို့နယ်ရှိ အခြေခံလူဦးရေစာရင်းနှင့် မဲစာရင်းကြေညာသည့်လူဦးရေ ကွာခြားချက်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများ သတ်မှတ်ပုံစံများဖြင့် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးနေသည့်ကိစ္စရပ်များ၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး ဆောင်ရွက်ပေးနေမှုများ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မေဖူးမြင့်ခိုင်နှင့် အစည်းအဝေးတက်ရောက်လာကြသူများက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)