ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း အင်းလေးဒေသ၊ ကေလာကျေးရွာ ရေပိုက်လိုင်းသွယ်တန်းပြီးစီးမှု ဖွင့်ပွဲအခမ်းအနားတက်ရောက်

တောင်ကြီး အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ကေလာကျေးရွာရှိ စက်ရေတွင်းနှင့် (၄.၅)ကီလိုမီတာအရှည်ရှိ ရေပိုက်လိုင်းသွယ်တန်းပြီးစီးမှု ဖွင့်ပွဲအခမ်းအနာကို ယမန်နေ့နံနက် ၉ နာရီက ကေလာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုကိုခံစားခဲ့ရပြီး သန့်ရှင်းသောသာက်သုံးရေ ရှားပါးခြင်းများ ကြုံတွေ့ခဲ့ရသည့် အင်းလေး‌ဒေသတွင် သန့်ရှင်းသောသောက်သုံးရေ ရရှိနိုင်စေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နယ်စည်းမထားဆရာဝန်များအဖွဲ့၊ ယူနီဆက်အဖွဲ့အပါအဝင် အခြားအလှူရှင်အဖွဲ့အစည်း(၂၀)ခုနှင့်ပူးပေါင်းပြီး ကျေးရွာ(၆၀)ရွာမှာ ရေရရှိရေးလုပ်ငန်းပေါင်း (၁၆၅)ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုအခါကေလာကျေးရွာကို ကျေးရွာနှင့် (၂)မိုင်(၆)ဖာလုံခန့် ကွာဝေးသည့် ဝက်သားကင်ဘုန်းကြီးကျောင်းတွင် စက်ရေတွင်းတူးဖော်ပြီး ကေလာကျေးရွာအတွင်းသို့ ရေသွယ်ယူကာ ရေရရှိအောင်ဆောင် ရွက်နိုင်ခဲ့သည့်အတွက် အထူးဝမ်းမြောက်မိပါကြောင်း၊‌ ရေရရှိရေးလုပ်ငန်းသာမက ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခု ဆောင်ရွက်ပြီးစီးသွားတိုင်းတွင် ရေရှည်တည်တံ့ခိုင်မြဲရန်နှင့် နှစ်ရှည်လများ အကျိုးခံစားခွင့်ရရှိဖို့ အရေးကြီးပါကြောင်း၊ ကျေးရွာသူ/ကျေးရွာသားများအနေဖြင့် မိမိတို့လိုက်နာရမည့် စည်းကမ်းချက်များ၊ ဆောင်ရွက်ရမည့် တာဝန်များကို ကျေပွန်စွာလိုက်နာဆောင်ရွက်ပြီး တန်ဖိုးထားပြီး အကျိုးရှိရှိ အသုံးပြုသွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းနှင့် နယ်စည်းမထားဆရာဝန်များအဖွဲ့(ဟော်လန်)မှ ဌာနေကိုယ်စားလှယ်တို့က ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဒေသခံရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ င်းနောက် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တာဝန်ရှိသူများက ရေပိုက်လိုင်းသွယ်တန်းပြီးစီးမှုကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါသည်။

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ကေလာကျေးရွာတွင်ပြုလုပ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဆင်းပွဲသို့ ဆက်လက်တက်ရောက်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က အမှာစကားအသီးသီးပြောကြား၍ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက ထူးချွန်သင်တန်းသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါသင်တန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ  ၁ ရက်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ရက်အထိ အခမဲ့ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ပြီး  ဒေသခံတိုင်းရင်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော် (တောင်ကြီး)