ကျောက်ပန်းတောင်း အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောင်းအခြေပြု အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အောက်တိုဘာ(၁၄)ရက်နေ့ နံနက်(၁၀)နာရီက ပြည်တော်သာရပ်ကွက်ရှိ အုတ်သျှစ်ကုန်း မူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက မိုးရာသီတွင် ဖြစ်ပွားတတ်သော ရာသီတုတ်ကွေးရောဂါနှင့် ကြိုတင်ကာကွယ် ကုသခြင်းများအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်နှင့် ဒုတိယဦးစီးမှူး ဒေါ်သဲဖြူတို့က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေ၏အကျိုးကျေးဇူးများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စားသုံးသူကာကွယ်ရေး၊ စားသုံးရန်မသင့်သော စားသောက်ကုန်များနှင့် ဆိုးကျိုးအန္တရာယ်များအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောကြသည်။ ယင်းနောက် ခရိုင်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးနှင့် ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၂၅၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြပြီး၊ စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများက ကျောင်းမုန့်ဈေးတန်းဆိုင်များအား ကျန်းမာရေးနှင့်မညီညွတ်သည့် အစားသောက်များ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
နေအောင် (ပြန်/ဆက်)