ရွှေကူမြို့နယ်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာနေရသူများ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန် ယာယီနေရပ်စွန့်ခွာစခန်းများသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရွှေကူ အောက်တိုဘာ ၁၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန် အောက်တိုဘာလ ၁၁ ရက်နံနက်ပိုင်းက ယာယီနေရပ်စွန့်ခွာစခန်းများသို့ အသိပညာပေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ၊ မြို့နယ်ရဲမှူးမြင့်ဇော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး(ခေတ္တ)ဦးဝင်းစိုးစံတို့က ရွှေကူမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသော ပြည်သူများတည်းခိုနေထိုင်ရာ ယာယီနေရပ်စွန့်ခွာစခန်းများသို့ သွားရောက်၍ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန်နှင့် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူတစ်ဦးချင်း မဲပေးပိုင်ခွင့်ရရှိစေရန်အတွက် မဲစာရင်း၌ မိမိအမည်စာရင်းပါ/မပါသိရှိနိုင်ရန်၊ မဲစာရင်းမပါရှိပါက မဲစာရင်း၌ မိမိအမည်စာရင်းပါရှိရန် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ရွှေကူမြို့နယ်အတွင်း ရက်ပေါင်း ၁၈၀ ရက်နှင့်အထက် ရောက်ရှိနေထိုင်နေပြီး မိမိတို့၏အမြဲတမ်းနေရပ်သို့ သွားရောက်မဲပေးလိုခြင်းမရှိသည့် ပြည်သူများအနေဖြင့် ရောက်ရှိရာဒေသမှနေ၍ မဲပေးပိုင်ခွင့်ရရှိစေရန် ဥပဒေနှင့်အညီ မဲစာရင်းတွင်ပါရှိရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများကို အသေးစိတ်ဆွေးနွေးအသိပညာပေးခဲ့ကြပြီးနောက် မဲဆန္ဒရှင်ပြည်သူများသို့ ပုံစံ(၁၅)နှင့် ပုံစံ(၃-က)တို့ကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)