ပုံပါကျင် အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို အောက်တိုဘာ ၁၄ ရက်နံနက်က အမက(ဟွေအော)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းကို ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်အိအိဖြိုးက ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်များ၊ ကလေးအလုပ်သမားအဓိပ္ပာယ်၊ ဆင်းရဲမွဲတေမှုလျော့ချရေးနှင့် ကလေးအလုပ်သမားဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။
အိအိဖြိုး (ပြန်/ဆက်)