မှော်ဘီမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

မှော်ဘီ အောက်တိုဘာ ၁၆

 ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို အောက်တိုဘာ ၁၄ ရက်နေ့နံနက် ၁၀ နာရီအချိန်က မှော်ဘီမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် စပ်လျည်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပသည်။

ဦးစွာ ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်ခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စည်းကမ်းချက်များ၊ တည်ဆဲအခွန်ဥပဒေနှင့် သိကောင်းစရာများအားလည်းကောင်း၊ စည်းကမ်းချက်များအား လုပ်ငန်းရှင်များမှ သိရှိထားရမည်ဖြစ်ကြောင်း မှော်ဘီမြို့နယ်ရှိ ဟိုတယ်နှင့်တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ ရွှေဆိုင်များ၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းဖုန်းအရောင်းဆိုင်များ ပြေစာအမှတ်တံဆိပ်များကို စနစ်ကျကပ်နှိပ်ရန်နှင့် အခွန်အခများအားလည်း ပုံမှန်ပေးသွင်းရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်အခွန်ဦးစီးဌာန ဌာနမှူး ဦးအောင်ခိုင်သန်း၊ စီမံကိန်းဦးစီးအရာရှိ ဦးသူရစိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေါ်အိအိခိုင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မှော်ဘီမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုခန်း၊ စားသောက်ဆိုင်၊ ရွှေဆိုင်၊ လက်ကိုင်ဖုန်းအရောင်းဆိုင်များနှင့် လုပ်ငန်းရှင်များ အခွန်ဆိုင်ရာ အသိပေးရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)