ကျောက်ဆည် အောက်တိုဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေများ တိုးပွားလာစေရန်နှင့် တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက်အမှတ်တကယ်လိုအပ်သည့် ဖွံဖြိုးရေး လုပ်ငန်းများလုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းအပျောက်လည်ပတ် ရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အုန်းခရိုင်ကျေးရွာတွင် (ဒဿမ)အကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်ကမြစိမ်းရောင်ကျေးရွာစီမံကိန်း၏ရည်ရွယ်ချက်များ၊ လုပ်ငန်းစည်းမျဉ်းစည်းကမ်းချက်များနှင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စီမံကိန်းအရင်းအပျောက်လည်ပတ်ရန်ပုံငွေကျပ် (၄၇၇)သိန်းအား ကျေးရွာမြစိမ်းရောင်အဖွဲ့ဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အုန်းခရိုင်ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များမှ လက်ခံရရှိသော အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများဖြင့် ဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မည့်ကျေးရွာအတွင်းမှ စိုက်ပျိုးရေးလုပ်ကိုင်သူ (၁၀၀) ဦး၊ မွေးမြူရေးလုပ်ကိုင်သူ(၄၈)ဦး၊ အရောင်းအဝယ် လုပ်ကိုင်သူ (၂၅) ဦး၊ စုစုပေါင်း (၁၇၃) ဦးအား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်