ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)နှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT)ဆက်လက်ထိုးနှံပေး

ဟိုပုံး အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အမျိုးသမီးငယ်လေးများ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)နှင့်  KGကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြသည်။

ထိုသို့ထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက် ၉ နှစ်မှ ၁၀နှစ်အရွယ် ကျောင်းသူလေးများကို ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာ၏ ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားပါက နောက်ဆက်တွဲဖြစ်ပွားနိုင်သည့် ရောဂါလက္ခဏာများ၊ HPV ပိုးကူးစက်ခံရပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်သည့် အချိန်ကာလများနှင့် HPV ကာကွယ်ဆေးသည် ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေးဖြစ်ပြီး HPV ရောဂါပိုးကြောင့် ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများကို ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး အသက်ငါးနှစ်ပြည့်ပြီး ခုနစ်နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး(DT)ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ဟိုပုံးမြို့နယ်၌ ကျောင်းအခြေပြု ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေးကို ကျောင်းသား၊ ကျောင်းသူ (၁၁၀)ဦးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို ကျောင်းသူ(၅၆)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)