တွံတေးမြို့၌ မဲစာရင်းမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တွံတေး အောက်တိုဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်း မဲစာရင်းများမှန်ကန်မှုရှိစေရေးနှင့် ကွဲလွဲမှုမရှိစေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင် စစ်ဆေးဆောင်ရွက်သွားရန်၊ မြို့နယ်(Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီနှင့် ပူးပေါင်း၍ကွင်းဆင်းဆောင်ရွက်ရာတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်၊ ရပ်ကွက်ကျေးရွာများတွင် ကြေညာထားသည့် မဲစာရင်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး စဉ်ဆက်မပျက် လှည့်လည်ဆော်ဩသွားကြရန်၊ မဲစာရင်းလာရောက် ကြည့်ရှုသည့် ပြည်သူများက မဲစာရင်းတွင် အမည်ထည့်သွင်းခြင်း၊ မပါဝင်သင့်သူများ ပါဝင်ပါက ကန့်ကွက်ခြင်း၊ အချက်အလက်များ မှားယွင်းပါက ပြင်ဆင်ခြင်းများ လျှောက်ထားရာတွင် ရွေးကောက်ပွဲဥပဒေနှင့်အညီ စနစ်တကျ သတ်မှတ်ပုံစံများဖြင့် ပြုစုတင်ပြဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတာဝန်ကိစ္စရပ်များ၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး၊ မြေပြင် ကွင်းဆင်းဆောင်ရွက်ရေးနှင့် အခြားလိုအပ်သည့် လုပ်ငန်းကိစ္စရပ်များအား တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက်တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။ တွံတေးမြို့နယ်တွင်ရပ်ကွက်/ကျေးရွာ (၇၃)အုပ်စုရှိပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပထမအကြိမ်မဲစာရင်းများကို အောက်တိုဘာ (၂၀) ရက်နေ့အထိ ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)