စစ်တွေ အောက်တိုဘာ ၁၅
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့မှ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက Video Conference စနစ်ဖြင့်တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ အပိုင်းလိုက် ကျင်းပပြုလုပ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် မသာမာမှု ကင်းရှင်းသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီနှင့် ခရိုင်၊ မြို့နယ်ကော်မတီများကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များကို လွှတ်တော်(၃)ရပ် မဲဆန္ဒနယ်များအပြင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက်ပါ သတ်မှတ်အရေအတွက်အတိုင်း လက်ခံရရှိပြီး စနစ်တကျ ထိန်းသိမ်းထားရှိလျက်ရှိကြောင်း၊ မဲပေးစက်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာနည်းပြ ဆရာဖြစ်သင်တန်းနှင့် မဲပေးစက်ကိုင်တွယ် အသုံးပြုနည်း သင်တန်းများကို ဖွင့်လှစ်နိုင်ခဲ့ပြီး မဲပေးစက်နှင့်စပ်လျဉ်း၍ အများပြည်သူသိရှိနားလည်ကာ ရွေးကောက်ပွဲတွင် လွယ်ကူလျှင်မြန်စွာ မဲပေးနိုင်ရေး အသိပညာပေး ခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် ပြည်သူအားလုံး လိုလားတောင့်တလျက်ရှိသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်စေရန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးအား လွတ်လပ်၍ တရားမျှတသော ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး အားလုံးပူးပေါင်း ပါဝင်ပေးကြရန် ပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးက မဲစာရင်းမှန်ကန်ရေးနှင့် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် မဲစာရင်းပြုစု ခြင်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ပြန်လည်မေးမြန်းဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)