ကျောက်မဲ အောက်တိုဘာ ၁၅
တပ်မတော်က ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အစိုးရအုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် မြို့ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ထူထောင်ရေးလုပ်ငန်းများကို ဒေသခံ ပြည်သူလူထုနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို-ကျောက်မဲလမ်း ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပြီး ဒေသခံပြည်သူများ ပုံမှန်အတိုင်း ပြန်လည်နေထိုင်သွားလာနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
TNLA၊ DPLA အဖွဲ့များနှင့် MDY PDF အမည်ခံအကြမ်းဖက်သမားများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) လမ်းပန်းဆက်သွယ်ရေးနှောက်နှေးစေရန်ရည်ရွယ်ချက်ဖြင့် ကျောက်မဲခရိုင်ရှိ ဂုတ်တွင်းကွန်ကရစ်တံတားအား ယုတ်မာရိုင်းစိုင်းစွာမိုင်းခွဲ ဖျက်ဆီးခဲ့ကြသည်။
အဆိုပါ ကျောက်မဲခရိုင်အတွင်းရှိ ဂုတ်တွင်းကွန်ကရစ်တံတား ပျက်ဆီးမှုနေရာသို့ အောက်တိုဘာလ (၁၀)ရက် နံနက်(၇)နာရီက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဌာနတာဝန်ရှိသူများအား တံတားပြန်လည် ပြုပြင်မှုနှင့်စပ်လျဥ်း၍ လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောက်မဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရှေ့တန်းရောက်တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ကာကွယ်ရေးဝန်ကြီးဌာနအမှတ်(၂) စစ်ဆင်ရေး အထူးအဖွဲ့မှူးဗိုလ်ချုပ် ဇော်မင်းလတ်တို့ကပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူကြသည်။
ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ်ဇော်မင်းလတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်ဘက်အရာရှိကြီးများနှင့် တွေ့ဆုံ၍ ကျောက်မဲမြို့ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ကျောက်မဲမြို့ပြန်လည် ထူထောင်ရေးအတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူလူထုများ ပုံမှန်ပြန်လည်သွားလာနိုင်ရေးနှင့် အခြေခံပစ္စည်းများဖြစ်သည့် ဆန်၊ ဆီရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေးတို့ကို ဆောင်ရွက်ရမည်ပါဖြစ်ကြောင်း၊ ကျောင်းများအားလုံး အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဆရာ၊ ဆရာမများ အမြန်ဆုံးပြန်လည်ရောက်ရှိရေး ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ ပြန်လည်ရောက်ရှိလာသည့်အခါ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုများ စိုက်ပျိုးရေးလုပ်ငန်းများတွင် အခက်အခဲ မရှိစေရန် မျိုးစေ့များ၊ ဓါတ်မြေသြဇာများ၊ လျှပ်စစ်မီး၊ ရေရှိရေး၊ ဆက်သွယ်ရေးလိုင်းများရရှိရေးတို့ကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့တွင်းလမ်းကောင်းမွန်ရေးကိုလည်း သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ပေးရန်နှင့် အားလုံးကဝိုင်းဝန်းကြိုးစားပေးကြရန် ပြောကြားလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်များ အမြန်ဆုံးပြန်လည်ထမ်းဆောင်ပြီး ပြည်သူ လူထုများလိုအပ်သည့် အခက်အခဲများကို ကူညီဆောင်ရွက်ပေးကြရန်၊ ပြည်သူများအားကိုးအားထား ရသောဌာနဖြစ်ရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း လိုအပ်ချက်များရှိပါက ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံ ဆက်သွယ်ဆောင်ရွက် ပေးကြရန်နှင့်လျှပ် စစ်မီးမရရှိသေးပါက ဆိုလာစနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ် ဇော်မင်းလတ်က အမှာစကားပြောကြားပြီး တက်ရောက်လာသည့် သက်ဆိုင်ရာဌာနများမှ လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံကလေးများ စာတတ်မြောက်နိုင်ရေးအတွက် ပိတ်ရက်များတွင်လည်း အချိန်ပိုသင် ကြားပေးနိုင်ရေးနှင့် ဆရာ၊ ဆရာမများ စားသောက်နေထိုင်ရေး တို့ကို ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ ဌာနဆိုင်များကလည်း ပျက်စီးဆုံးရှုံးမှုစာရင်းများကို ဦးစားပေးအလိုက် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အမြန်ဆုံးတင်ပြပေးရန်၊ အုပ်ချုပ်ရေးအပိုင်းတွင်လည်း လုပ်ငန်းများအမြန်ဆုံးလည်ပတ်နိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အမြန်ဆုံးခန့်ထား ဆောင်ရွက်ပေးကြရန် ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောက်မဲမြို့ကျက်သရေဆောင်ခန်းမတွင် ဒေသခံပြည်သူလူထုများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ကျောက်မဲမြို့ ပြန်လည်ထူထောင်ရေး၊စာသင်ကျောင်းများအားလုံး အမြန်ပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက်လိုအပ်သည် ပစ္စည်းများကို အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကလေးများကျောင်းနေနိုင်ရေးကို ပြည်သူလူထုများကလည်း ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ဒေသ၏ အဓိကအားထားရသည့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို နဂိုမူလ အတိုင်းဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သောက်သုံးရေ၊ လျှပ်စစ်မီး၊ လမ်းနှင့်အခြေခံစားသောက်ကုန်၊ စက်သုံးဆီများရရှိအောင်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မူလအတိုင်းပြန်လည် လည်ပတ်နိုင်ရေးအမြန်ဆုံးဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ပြည်သူလူထုများ အနေဖြင့် နေရပ်စွန့်ခွာသွားလာရသည့်အတွက် ပျောက်ဆုံးမှုရှိခဲ့သည့် အိမ်ထောင်စုဇယား၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများကိုလည်း အမြန်ပြန်လည်ရရှိရေးဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အခက်အခဲမျာရှိပါက တင်ပြပေးကြရန်နှင့်လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂) စစ်ဆင်ရးအထူးအဖွဲ့မှူး ဗိုလ်ချုပ်ဇော်မင်းလတ်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဒေခံပြည်သူများအား အခြေခံ စားသောက်ကုန်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ဒေသခံပြည်သူလူထုများမှ အသီးသီးလက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားကာ ပြည်သူလူထုများအား ရင်းရင်းနှီးနှိးနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်မဲမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်တိုးရောဂါကာကွယ် ဆေး၊ပိုလီယိုရောဂါကာကွယ်ဆေးထိုးနှံနေမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကိုလှည့်လည်ကြည့်ရှု၍ ဆရာ၊ဆရာမများအား ပြည်နယ်ဝန်ကြီးချုပ်ကချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ကျောက်မဲမြို့ ကွန်ဖြူးရှပ် တရုတ်စာသင်ကျောင်း၌ ယာယီရုံးဖွင့်လှစ်ထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စု ဇယား၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ဆောက်လုပ်ရေးဦးစီးဌာနမှ ပျက်စီးသွားသည့် ဧည့်ရိပ်သာသို့သွားရောက် ကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူ များအားဖြည့်စွက်မှာကြားခဲ့ပြီး ကျောက်မဲမြို့ ဗဟိုစျေးသို့သွားရောက်ကာ စျေးရောင်းချနေသော ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်စကားပြောကြား၍ စျေးအတွင်းလှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောက်မဲမြို့၊ လာဘမုနိတရုတ်ဘုံကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် ယာယီဆေးရုံသို့သွားရောက်၍ ဆေးကုသမှုခံယူနေကြသည့် ပြည်သူများအား အာဟာရဖြည့်ပစ္စည်းများပေးအပ်ကာ အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကမ္ဘောဇရှမ်းကျောင်း၊ ကျောင်းတိုက်သို့ သွားရောက်ကာ ဆရာတော်၊သံဃာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်း၊ ဆန်၊ဆီ၊ ကုလားပဲ၊ ဆားတို့ကို ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာနသို့ သွားရောက်ကာ ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များကိုအားပေးစကားပြောကြား၍ ချီးမြှင့်ငွေ ပေးအပ်ပြီးမီးသတ်ဝန်ထမ်းအိမ်ရာ ပျက်စီးမှုနှင့်မီးသတ်ကားပျက်စီးမှုတို့ကို လှည့်လည် ကြည့်ရှုကြ ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ထို့နောက် မြို့မရဲစခန်းပျက်စီးသွားမှုကိုသွားရောက် ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က ရဲတပ်ဖွဲ့ဝင်များအားချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောက်မဲမြို့၊ တရားရေးဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များဖြည့်စွက် မှာကြားခဲ့ပြီး ကျောက်မဲမြို့၊ သန့်ရှင်းသာယာလှပရေးနှင့် ချုံ၊ နွယ်၊ မြတ်များကင်းရှင်းရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှသန့်ရှင်းဆောင် ရွက်နေမှုကို ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နောင်ချိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က မြို့ပြနှင့်စပ်လျဉ်း၍သောက်သုံးရေ၊လျှပ်စစ်မီး၊ ဆက်သွယ်ရေးကောင်းမွန်စေရေး ကိစ္စရပ်များကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် အခက်အခဲရှိပါက တင်ပြပေးကြရန် ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဥ်း၍ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပါသည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)