ကျောက်တလုံးကြီးမြို့ အ.မ.က ထီထပ်ကျောင်းတွင် လူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ကျောက်တလုံးကြီး အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန် အသိပညာပေးလုပ်ငန်းများကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲက အခြေခံပညာမူလတန်းကျောင်း ထီထပ်တွင် လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ရုံးမှ မြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး ကလေးငယ်များ လူကုန်ကူးမှုခံရခြင်းမှကင်းဝေးစေရန်၊ ကလေးအလုပ်သမားအဖြစ် ခိုင်းစေခံရခြင်းမှ ကင်းဝေးစေရန် သတိထားသင့်သည့်အချက်များ၊ သတိပြုရမည့်သူများ၊ မြန်မာနိုင်ငံတွင်ဖြစ်ပွား လျက်ရှိသော ကလေးအလုပ်သမားအမျိုးအစားများစသည့် လူငယ်ဆိုင်ရာအသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားလေ့လာ မှတ်သားခဲ့ကြသည်။

ဆက်လက်၍  ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်းသူများမှ ကြည့်ရှုမှတ်သားခဲ့ကြပြီးအဆိုပါနယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲသို့ အ.မ.က ထီထပ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၇၇ ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သန္တာ