ရန်ကုန် အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ အမှတ်(၄) လမ်းမကြီးတစ်လျှောက် ရေးစီးရေလာကောင်းမွန်ရေးအတွက် ဆောက်လုပ်ရေးမှတ်တိုင်အနီးတွင် လမ်းဘေးဝဲ/ယာနှင့် အမှတ်(၄) လမ်းမကြီးနှင့် မင်းလမ်းထောင့်တွင် လမ်းဘေးဝဲ/ယာ မြေသားမြောင်းတူးဖော်ဆောင်ရွက်ခြင်းနှင့် အုတ်ရေမြောင်းပြုလုပ်နေသည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ အမှတ်(၄) လမ်းမကြီးတစ်လျှောက် အုတ်ဖိုမှတ်တိုင်အနီးတွင် လမ်းတိုးချဲ့ရန်အတွက် လမ်းနယ်နှင့် လွတ်ကင်းရာတွင် ဓာတ်အားလိုင်းနှင့် ဓာတ်အားတိုင်များ အသစ်တည်ဆောက်ခြင်း၊ လမ်းနယ်တွင် ကျရောက်နေသော ဓာတ်အားလိုင်းနှင့် ဓာတ်အားတိုင်များအား ဖယ်ရှားခြင်း၊ လမ်းမီးဓာတ်အားလိုင်းများတည်ဆောက်ခြင်း၊ ဆက်သွယ်ရေးကြိုးများတပ်ဆင်ခြင်းနှင့် စက်ယန္တရားများဖြင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ အမှတ်(၄)လမ်းမကြီးတစ်လျှောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေသည့် လိပ်ပုတ်ချောင်း တံတားတွင် စက်ယန္တရားများဖြင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းမီးတိုင်များအား လမ်းနှင့်လွတ်ကင်းရေး အမြန်ဆုံး စနစ်တကျ အန္တရာယ်ကင်းစွာ ရှင်းလင်းဆောင်ရွက်ရန်၊ ဆက်သွယ်ရေးကြိုးများအား စနစ်တကျ တပ်ဆင်ဆောင်ရွက်ရန်၊ လမ်းဘေး ဝဲ/ယာ ရေမြောင်း တစ်လျှောက် အမှိုက်၊ နုန်းများ ဆယ်ယူရှင်းလင်းရန်၊ မြက်ပင်ချုံနွယ်များ ရှင်းလင်းရန်၊ သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်စသည်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)