နမ့်စန်မြို့တွင် ကျောင်းသား၊ ကျောင်းသူများကို ဆုံဆို့မေးခိုင်နှင့်သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံ

နမ့်စန်(တ) အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အသက် (၅) နှစ်မှ (၇) နှစ် KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့မေးခိုင် ကာကွယ်ဆေး(DT) နှင့် အသက်(၉)နှစ်၊ (၁၀)နှစ် မိန်းကလေးကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (မြို့ဦး) ပညာရတနာခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်က ကျောင်းသား၊ ကျောင်းသူများကို ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး(DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးရခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက အထက-ခွဲ(မြို့ဦး)ကျောင်းရှိ KG ကျောင်းသားကျောင်းသူ (၈၄)ဦးကို ဆုံဆို့မေးခိုင် ကာကွယ်ဆေးနှင့် အသက်(၉)နှစ်၊(၁၀)နှစ်အရွယ် ကျောင်းသူ (၄၄) ဦးကို သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးများအား စနစ်တကျထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ထိုးနှံပေးနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အ.ထ.က-ခွဲ(မြို့ဦး) ကျောင်းအုပ်ဆရာမကြီး ဒေါ်မေရီမြင့်နှင့် ဆရာ/ဆရာမများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

နမ့်စန်မြို့နယ်တွင် ဆုံဆို့မေးခိုင်ကာကွယ်ဆေးထိုးရန် ကျောင်းအခြေပြုနှင့် ပြည်သူလူထု အခြေပြု စုစုပေါင်း (၂၄၃၆) ဦးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးရန် ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု စုစုပေါင်း (၁၁၅၈) ဦးလျာထားကာ အောက်တိုဘာ ၁၅ ရက် မှစတင်၍ သက်ဆိုင်ရာကျောင်းများနှင့် ကျန်းမာရေးဌာနစုရပ် အသီးသီးတွင် သတ်မှတ်ရက်အလိုက် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သူရအောင်(နမ့်စန်)