မွန်ပြည်နယ် လမ်းပန်းဆက်သွယ်‌‌ရေးဝန်ကြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

မော်လမြိုင် အောက်တိုဘာ ၁၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ၂၀၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်းစန်းနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားလာပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား၊ မြို့ပြနှင့်ကျေးလက်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေဖို့အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာ သင်တန်းများ သင်ကြားပို့ချပေးခြင်း၊ နည်းပညာအကူအညီပေးခြင်း၊ အားပေးကူညီခြင်းနဲ့ ထွက်ရှိလာတဲ့ကုန်ပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်း များကို ဥပဒေနှင့်အညီ စနစ်တကျ လုပ်ငန်းမှတ်ပုံတင်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေ တိုးတက်ရရှိစေသည့်အပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာခြင်းမှတဆင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ပြီး ဒေသခံပြည်သူများရဲ့ မိသားစုဝင်ငွေ တိုးပွားမှုနဲ့ အတူ လူနေမှုဘဝမြင့်မားလာပြီး ၎င်းတို့၏သားသမီးများ ပညာရေးကို အထောက်အကူပြုပြီး နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးလာနိုင်မှာဖြစ်ကြောင်း၊ လုပ်ငန်း ထူထောင်မည့် အသေးစားကုန်ထုတ်လုပ်ငန်းရှင်များအနေနဲ့ရရှိထားတဲ့ နည်းပညာ လုပ်ငန်းသုံးပစ္စည်းများကို ကောင်းမွန်စွာအသုံးချပြီး အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်လာစေဖို့ ကြိုးစားအားထုတ်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နေက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်း လုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း သုံးပစ္စည်းများအား လုပ်ငန်းထူထောင်မည့်သူ သင်တန်းသူ (၆၀) ဦးထံပေးအပ်ခဲ့ပြီး လုပ်ငန်းထူထောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း လုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

စည်သူ