တပ်ကုန်း အောက်တိုဘာ ၁၅
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်း၊ ခရိုင်တာဝန်ရှိသူများ၊ တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ရှားတောကျေးရွာအုပ်စု၊ ရွှေဥဒေါင်းကျေးရွာ သုတရောင်ခြည် စာကြည့်တိုက်သို့ရောက်ရှိကာ စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ထားရှိမှု၊ စာအုပ်စာစောင် ငှားရမ်းမှုများကြည့်ရှုအားပေး ခဲ့ပြီး၊ လူသုံးကုန်ထုတ်လုပ်မှု(ဆပ်ပြာဆီ) သင်တန်းဖွင့်ပွဲတွင် သင်တန်းသားအနေဖြင့် သင်တန်းမှသင်ကြားပေးသည့် နည်းပညာရပ်များကို တတ်ကျွမ်းအောင် သင်ယူစေရေး၊ တတ်ကျွမ်းခဲ့သည့် ပညာရပ်များကို အသုံးပြုပြီး မိသားစုဝင်ငွေရရှိအောင် ဆောင်ရွက်ရေး ရှင်းလင်းပြောကြား ပြီးနောက် ဆပ်ပြာဆီထုတ်လုပ်မည့် ကုန်ကြမ်းများအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများစက်မှုလယ်ယာဦးစီးဌာနသို့ ရောက်ရှိကာ (၁/၂၀၂၅) လယ်ယာသုံးစက်ကရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းတွင် အဖွင့်အမှာစကားပြောကြားပြီး ရိတ်ခြွေစက် မောင်းနှင်သင်ကြားပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ အနော်ရထာ ရပ်ကွက်၊ ကွင်းအမှတ် (၁၄၀၄)၊ တောင်သူ ဦးမောင်မောင်နု၏ ပေါ်ဆန်းစပါး စိုက်ပျိုးထားရှိမှု၊ သဘာဝမြေဩဇာပြုလုပ်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေး၍ လည်းကောင်း၊ ပေတောကျေးရွာ၊ ဥစားကြက်ခြံအားသွားရောက်၍ ကြက်ခြံနှင့် ကြက်များထားရှိမှု၊ကြက်ဥ ရောင်းဝယ်မှုများ ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ မြဝတီရပ်ကွက်၊ NNN ပဲကြော်၊ ပဲလှော် ထုတ်ကုန်ထုတ်လုပ်မှုအခြေအနေအား သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ မြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိကာ ပြည်သူများ မဲစာရင်း လာရောက်ကြည့်ရှုနေမှုကို အားပေးခဲ့ပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့် တွေ့ဆုံပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်