၂၀၂၅ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ရန်ကုန်ဇုန်(၂) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၄

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ၊ အားကစားပြိုင်ပွဲ၊ ရန်ကုန်ဇုန်(၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဆရာအတတ်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်နှင့် ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် မိမိတို့ယှဉ်ပြိုင်သည့် အားကစားနည်းများ၏ စည်းမျဉ်း၊ စည်းကမ်းဥပဒေများအား သိရှိလိုက်နာကြရန် လိုအပ်သလို ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရာတွင်လည်း အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြရန်နှင့် ပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများဖြစ်သည်နှင့်အညီ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရှိမှု၊ ဇွဲလုံ့လရှိမှု၊ အပြန်အလှန် နားလည်လေးစားမှုများဖြင့် ပျော်ပျော် ရွှင်ရွှင် ချစ်ကြည်ရင်းနှီးစွာ ယှဉ်ပြိုင်ကစားရင်း အောင်မြင်မှုရရှိသူများဖြစ်အောင် ကြိုးစားကြ ကာ အားကစားကဏ္ဍမှသည် ဖွံ့ဖြိုးတိုးတက်သည့် လူမှုအသိုက်အဝန်းဆီသို့ တက်လှမ်းနိုင်ကြပါစေလိုကြောင်းစသည်တို့ကို ပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာဓိဌာန်(၄)ချက် ရွတ်ဆိုပြီး ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက် ကြပြီး ပြိုင်ပွဲဝင် အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး အေရိုးဗစ်အသင်းက သရုပ်ပြသနေမှုအား လည်းကောင်း၊ (ရန်ကင်း၊ လှည်းကူး) ပညာရေးဒီဂရီ ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့သိုင်းဖြင့် သရုပ်ပြသနေမှုအား လည်းကောင်း၊ (ရန်ကင်း၊ သင်္ဃန်းကျွန်း၊ ကသာ) ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများက တိုက်ကွမ်ဒိုသရုပ်ပြသနေမှုအား လည်းကောင်း ကြည့်ရှုအားပေးသည်။

အဆိုပါ ၂၀၂၅ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ၊ အားကစားပြိုင်ပွဲ၊ ရန်ကုန်ဇုန်(၂)တွင် အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ (အမျိုးသား+အမျိုးသမီး) ဘောလီဘောပြိုင်ပွဲနှင့်(အမျိုးသား+အမျိုးသမီး) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲတို့ကို ပြိုင်ပွဲဝင်အားကစားသမား (၇၇၅) ဦးဖြင့် အောက်တိုဘာလ (၁၃) ရက်နေ့မှ အောက်တိုဘာလ (၁၈) ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)