ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်များပေါ်ပေါက်လာပါက မြို့နယ်နေပြည်သူများအား လျင်မြန်စွာ အချိန်မီ ကူညီကယ်ဆယ်နိုင်ရေးအတွက် စွမ်းရည်ပြည့်၀သည့် မီးသတ်တပ်ဖွဲ့၀င်များ အသင့်ဖြစ်နေစေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့၀င်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းဇော်ထွန်းတို့က အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးစောမောင်သန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းသားများအား တူညီဝတ်စုံများ ပေးအပ်ခဲ့သည်။
သင်တန်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက် ၉ ရပ်ကွက်မှ အရန်မီးသတ်တပ်ဖွဲ့၀င် သင်တန်းသား ၅၀ ဦးအား အောက်တိုဘာ ၁၃ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ လက်နက်မဲ့ အခြေခံ စစ်ရေးပြ၊ မီးငြိမ်းသတ်ခြင်းပညာ၊ ရှာဖွေကယ်ဆယ်ရေး၊ ရှေးဦးသူနာပြုစုခြင်း စသည့် သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့၀င်များ၊ မြို့နယ်ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့၀င်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ (IPRD)