သုံးခွမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

သုံးခွ အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ ဒေါ်နီလာဆန်း ဒုတိယဦးစီးမှူး(ဖွံ့ဖြိုး)က ​အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသားလူငယ်နှင့် စာဖတ်ခြင်းခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗဟုသုတရှိမည့် စာပေများကိုဖတ်ရှုပြီး ဖုန်းသုံးစွဲမှုလျှော့ချကာ ကိုယ့်ဘဝအတွက် ဗဟုသုတရရှိစေမည့် စာပေများဖတ်ရှုစေလိုကြောင်း၊ ဖုန်းထဲမှာ ကိုယ့်ဘဝအတွက် အထောက်အကူပြုမည့် စာပေများကို ရှာဖွေဖတ်ရှုခြင်းဖြင့် ဖုန်းကိုအကျိုးရှိစွာ အသုံးပြုစေလိုပါကြောင်း၊ မြို့နယ်ရုံးစာကြည့်တိုက်ကိုလာရောက်၍ စာပေများငှားရမ်းဖတ်ရှုရန်လိုအပ်ကြောင်း၊ ကျောင်းစာကြည့်တိုက်မှာရှိသည့် စာအုပ်စာ‌ပေတွေကို ဖတ်ရှုလို့ရပါကြောင်းနှင့် အသိအလိမ္မာစာမှာရှိဆိုသည့်စကားအတိုင်း ကျောင်းစာအပြင် ပြင်ဗဟုသုတရဖွယ် စာပေများကိုဖတ်ရှုရန် ပြောကြားခဲ့သည်။

ဟောပြောပွဲအပြီးတွင် ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဗဟုသုတရဖွယ် စာအုပ်စာပေများကို ဝေငှပေးခဲ့ရာ ကျောင်းသား/သူ (၉၁) ဦးတို့က စိတ်ပါဝင်စားစွာ ဖတ်ရှုခဲ့ကြောင်း သိရသည်

စည်သူလင်း