ရန်ကုန် အောက်တိုဘာ ၁၄
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Guterres ၏ သဝဏ်လွှာ ရုပ်သံဖိုင်အား ပြသပြီး သဘာဝဘေးလျော့ပါးရေးလှုပ်ရှားမှု မှတ်တမ်းတင် Video အား ပြသခဲ့သည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် “ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်တို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိခဲ့ကြသူများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့က ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)