အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား စစ်တွေမြို့၌ကျင်းပ

စစ်တွေ   အောက်တိုဘာ  ၁၃

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ပြည်ယ်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့ အစည်းများမှကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဒုတိယဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၁) ရက်နေ့တွင် ကျင်းပခဲ့သည့်ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်ဖြင့် အောက်တိုဘာလ(၁၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး နေ့အဖြစ် သတ်မှတ်ခဲ့ပြီး အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ကျင်းလျက် ရှိကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၀ ပြည့်နှစ်ကစတင်ပြီး နိုင်ငံတော်အဆင့် အခမ်းအနား တစ်ရပ်အနေဖြင့်နှစ်စဉ် ကျင်းပခဲ့ကြောင်း၊ ထိုသို့ကျင်းပရာတွင် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးရုံး( United Nations Office For Disaster Risk Reduction – UNDRR) ကနှစ်စဉ် ဦးတည်အုပ်စုတစ်စုကိုရွေးချယ်ပြီး သတ်မှတ်သည့် ဆောင်ပုဒ်များအတိုင်း ကျင်းပခဲ့ကြ ကြောင်း၊ ယခုနှစ်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်မှာ “ ဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရေး သုံးစွဲဘဏ္ဍာ တိုးမြှင့်ပေး” (Fun Resilient, Not Disasters) ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုတို့၏ ဆိုးကျိုးသက်ရောက်မှုများကို ရင်ဆိုင်တွေ့ကြုံခံစားနေရ ကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း ၂၀၂၃ ခုနှစ်တွင် အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ တိုက်ခတ်မှုဒဏ်ကို ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရပြီးဖြစ်ကြောင်း၊ ယခုနှစ်တွင်လည်း မန္တလေး ငလျင်ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်(၁၀) ခုဘေးသင့်ခဲ့ကြောင်း၊ ကုလသမဂ္ဂကထုတ်ဝေသည့် INFORM Report 2025 အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသော နိုင်ငံများတွင် တစ်ခုအပါ အဝင်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရပြီး World Risk Index 2024 အရ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့်(၆)တွင် ရပ်တည်နေပြီး ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ အမြင့်မားဆုံးအဆင့်တွင် တည်ရှိနေခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်၏ စစ်တမ်းအရ သဘာဝဘေး လျော့ပါးရေး လုပ်ငန်းတစ်ခုချင်း စီအတွက် အမေရိကန်(၁) ဒေါ်လာ သုံးစွဲလိုက်တိုင်း(၄) ဒေါ်လာ ပြန်လည်ရရှိကြောင်း သိရှိရကြောင်း၊ ဆိုလိုသည်မှာ မိမိတို့ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများတွင် ဘေးအန္တရာယ် လျော့ပါးရေး၊ ဘေးဒဏ်ကြံ့ကြံ့ခံ နိုင်ရေးအတွက် တစ်ဆလောက် ရင်းနှီးမြှုပ်နှံ လိုက်ခြင်းဖြင့် လေးဆပြန်လည်ရရှိလာမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကလည်း ၎င်း၏သတင်းစကား ရုပ်သံတွင်လည်း ပြောကြားထားကြောင်း၊  သဘာဝဘေးအန္တရာယ်များ ကျရောက်ဖြစ်ပွားသည့်အခါ ဖြစ်ပွားရာဒေသရှိ ရပ်ရွာလူ ထုသည် ပထမဦးဆုံးရင်ဆိုင် ဖြေရှင်း ရသူများဖြစ်ကြပြီး စီမံတုံ့ပြန်ဆောင်ရွက်ရသည်မှာ ဒေသခံအစိုးရများ ဖြစ်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရန် အဓိကမောင်းနှင်အားဖြစ်သော ပြည်သူလူထုနှင့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များ၏ စွမ်းရည်ပြည့်ဝစေရေး၊ သဘာဝဘေးကြိုတင် ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် အရင်းအမြစ်များ၊ အရင်းအနှီး များကို လုံလောက်စွာ ဖြည့်ဆည်းပေးရန်အရေးကြီးကြောင်း၊ ပုဂ္ဂလိကကဏ္ဍများ၊ နိုင်ငံတော်၏ အခြေခံအဆောက်အအုံများ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးနှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး အစီအမံများ၊ ဖွံ့ဖြိုးစီမံကိန်းလုပ်ငန်းများအတွက်ဘဏ္ဍာငွေများကို ယခင်နှစ်များထက် တိုးမြှင့်လျာ ထားသုံးစွဲသွားရန် လိုအပ်သကဲ့သို့ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီများ၊ INGOs များ၊ ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို ပိုမိုအားထည့်ဆောင်ရွက်နိုင်ရေးအတွက်  ယခုနှစ်ဆောင်ပုဒ် အတိုင်း “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး သုံးစွဲဘဏ္ဍာ တိုးမြှင့်” ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား သည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်း အမှတ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာသတင်းစကားဗီဒီယိုအားပြသပြီး အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ တွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများပေး အပ်ချီးမြှင့်ကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ဉာဏ်စမ်းမေးခွန်းများ ဖြေကြားကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ဗီဒီယိုအားပြသခဲ့သည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် အပြည်ပြည် ဆိုင်ရာ သဘာဝဘေးထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှု အားပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)