နေပြည်တော် အောက်တိုဘာ ၁၄
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမင်းဦးသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး၊ ဇဗ္ဗူသီရိခန်းမ၌ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေဖော်ထုတ်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လယ်ယာကဏ္ဍအခြေခံဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး တိုးတက်ထုတ်လုပ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အရည်အသွေးကောင်းမွန်သော သီးနှံများနှင့် သားငါးကဏ္ဍများ ဖွံ့ဖြိုးလာစေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အပြည့်အဝ ပြောင်းလဲကျင့်သုံးရေးသည် အလွန်အရေးပါလျက်ရှိပါကြောင်း၊ လယ်ယာလုပ်သားရှားပါးမှုကို ဖြေရှင်းနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍမှာ စက်မှုလယ်ယာစနစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် အလွန်အရေးပါလျက်ရှိပါကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်သည့်အခါ မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ ပေါင်းရှင်းခြင်း၊ ဆေးဖျန်းခြင်း၊ မြေဩဇာထည့်သွင်းခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းနှင့် သိုလှောင်ခြင်းလုပ်ငန်းများအထိ စက်ကိရိယာများလိုအပ်ပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင် ၂၀၁၂-၂၀၁၃ မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ စနစ်ကျလယ်ယာမြေ ၁၄၂၂၂.၂၃ ဧက ဖော်ထုတ်ပြီးဖြစ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာမှာ ၃၅၇.၈၈ ဧကနှင့် ပျဉ်းမနားမြို့နယ်၊ နှမ်းတောကျေးရွာမှာ ဧက ၃၀၀၊ စုစုပေါင်းဧက ၆၅၇.၈၈ ဧက ဖော်ထုတ်မည်ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် နေပြည်တော်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနတွင်ရှိသော အောက်မြန်မာပြည် စနစ်ကျ လယ်ယာမြေဖော်ထုတ်ရေးအဖွဲ့နှင့် အထက်မြန်မာပြည် စနစ်ကျလယ်ယာမြေဖော်ထုတ်ရေးအဖွဲ့တို့မှ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဆောင်ရွက်ခြင်းမရှိဘဲ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် စနစ်ကျလယ်ယာမြေ ၆၅၇.၈၈ ဧက ဦးစားပေးဖော်ထုတ်ရန် လျာထားဆောင်ရွက်ခဲ့သဖြင့် လျာထားသည့်အတိုင်း အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမင်းဦးနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်အတွင်း ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆင်သေချောင်းကမ်းပါး ပြိုမှုဖြစ်ပွားရာ ကမ်းပါးရှိ ဇီးကုန်းကျေးရွာအုပ်စု၊ ကုလားရွာ၊ အခြေခံပညာမူလတန်းကျောင်းအဆောက်အဦအား ကြိုတင်ရွှေ့ပြောင်းမှုများ ဆောင်ရွက်နေခြင်းအား ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)