ပူတာအို အောက်တိုဘာ ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာချင်းဆက်လမ်းများ သဲကျောက်ခင်းခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေအား တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပူတာအိုခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ခံအင်ဂျင်နီယာ ဦးသော်ဇင်ဦးနှင့်အတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်းပေါင်း (၈၂၁ ဒသမ ၀၃၆ )သန်းဖြင့် ဆောင်ရွက်သည့် ပူတာအိုမြို့နယ်၊ ပမ္မတီး ကျေးရွာနှင့်ဂျေဂျီဒီကျေးရွာချင်း ဆက်သွယ်ထားသော လမ်းအရှည်(၂)မိုင်အား လမ်းအကျယ် (၁၈) ပေ၊ ထုခြောက်လက်မဖြင့် သဲကျောက်ခင်းခြင်း လုပ်ငန်းအား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လမ်းခင်းခြင်းလုပ်ငန်း (၇၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်းပေါင်း (၄၆၀ ဒသမ ၄၃၈) သန်းဖြင့် ပူတာအိုမြို့နယ်၊ နမ်ရှယ်ရှီးဒီကျေးရွာနှင့် နမ်ရှယ်ဇွပ်ကျေးရွာချင်းဆက် သွယ်လမ်းအရှည် (၁) မိုင် (၁) ဖာလုံအား သဲကျောက်လမ်းခင်းခြင်းလုပ်ငန်းကို JSJ ကုမ္ဗဏီက လမ်းခင်းခြင်း လုပ်ငန်း(၂၅) ရာခိုင်နှုန်းပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးစဉ် ခရိုင်ဦးစီးမှူး ဦးဗိုလ်ဗိုလ်ကျော်က ကျေးရွာများအတွက် အမှန်တကယ် ရေရှည်အကျိုးပြုသည့်လမ်းများဖြစ်စေရေး၊ သတ်မှတ်အရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို တာဝန်ရှိသူများအားဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါပမ္မတီးကျေးရွာနှင့် ဂျေဂျီဒီကျေးရွာချင်းဆက်လမ်း သဲကျောက်ခင်းခြင်း လုပ်ငန်းပြီးစီးပါက ကျေးရွာ (၂) ရွာ၊ အိမ်ခြေ (၁၅၂) အိမ်၊ လူဦးရေ (၈၆၈) ဦး၊ နမ်ရှယ်ရှီးဒီကျေးရွာနှင့် နမ်ရှယ်ဇွပ်ကျေးရွာ ချင်းဆက်လမ်း သဲကျောက်ခင်းခြင်းလုပ်ငန်းပြီးစီးပါက ကျေးရွာ (၂) ရွာ၊ အိမ်ခြေ (၁၁၀) အိမ်၊ လူဦးရေ (၅၄၂) ဦးတို့၏လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့လာမည့်အပြင် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးအတွက် များစွာအကျိုးပြုလာမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)