ညောင်ရွှေ အောက်တိုဘာ ၁၄
မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် လယ်သီးထပ်ဆီနေကြာမျိုးစေ့ သွင်းအားစု ထောက်ပံ့ပေးအပ်ခြင်းကို အောက်တိုဘာ (၁၀) ရက် နံနက် (၁၀) နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် တိလောကျေးရွာအုပ်စု ကျော့မောင်ငယ်ကျေးရွာ ကွင်းအမှတ် (၅)၊ ဦးပိုင်းအမှတ်(၁၄/၁) အနီး၌ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး ဦးချိုနိုင်ထွန်းက မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ရခြင်းနှင့် လယ်သီးထပ်ဆီနေကြာ သွင်းအားစုထောက်ပံ့ပေးအပ် ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားတက်ရောက်လာသည့် တောင်သူများအား စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် မျိုးစေ့များနှင့် မြေဩဇာများပေးအပ်ခဲ့ကြပြီး တောင်သူများ၏တင်ပြချက်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကွင်းအမှတ်(၅)၊ ဦးပိုင်းအမှတ် (၁၄/၁) တောင်သူဒေါ်ပြုံးကြည်၏ (၁.၆၈)ဧကရှိ ရွှေရင်အေးမိုးစပါးစံကွက်သရုပ်ပြရိတ်သိမ်းမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ