ဘီးလင်း အောက်တိုဘာ ၁၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို အောက်တိုဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက အ.မ.က (လေသာ) ကျောင်းသို့ သွားရောက် ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးအန္တရာယ်များနှင့်သုံးစွဲမိပါက ကျခံရသည့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းအသိပညာပေး ဟောပြောခြင်းနှင့်ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိစေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးတို့အတွက် နယ်လှည့်အသိပညာပေးလုပ်ငန်းများ လာရောက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းဟောပြောပြီး၊ ကျောင်းသား၊ ကျောင်းသူများအား ကလေးကဗျာများ၊ ရုပ်ပြ၊ ပုံပြင်များ၊ ကာတွန်းစာစောင်များစသည့် ကလေးစာပေများကို ဖတ်ရှုစေခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးစသည့် အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်း ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)