တာမွေ အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်း၌ အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ တာမွေမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တာမွေမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် “ပြည်သူလူထုရဲ့ အသက်အိုးအိမ်ပစ္စည်းများကို မီးဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်များမှ ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်များဟာ သန္ဓေတပ်ဖွဲ့ဝင်များနှင့် လက်တွဲပြီး ရဲရဲဝံ့ဝံ့၊ စွန့်စွန့်စားစား အသက်စွန့်ဆောင်ရွက်နေကြတာ အားလုံးအသိဖြစ်ပါကြောင်း၊ ဒါ့ပြင် အရန်မီးသတ် တပ်ဖွဲ့ဝင်တွေဟာ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတဲ့ “နာသုံးနာ”ကို အခြေခံပြီး ပြည်သူလူထုအကျိုးကို စေတနာ့ဝန်ထမ်း ဆောင်ရွက်နေကြသူများလည်း ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ်တွေ ကြုံတွေ့ရတဲ့အခါမှာလည်း အရန်မီးသတ်တပ်ဖွဲ့ဝင်များဟာ လက်မနှေး၊ နောက်မတွန့်ဘဲ ရောက်ရာအရပ်ကနေ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လက်တွဲဆောင်ရွက်နေကြသူ များဖြစ်တဲ့အတွက် ပြည်သူလူထုအတွက် အားထားရတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ မီးလောင်မှုတစ်ခုဖြစ်ပွား တဲ့အခါမှာ မီးကိုငြှိမ်းသတ်ကြတဲ့ မီးသတ်သမား အဆင့်(၃)ဆင့် ရှိပါကြောင်း၊ အဆိုပါ မီးသတ်သမား(၃)မျိုးမှာ အရန် မီးသတ်တပ်ဖွဲ့ဝင်များဟာ ပထမ (သို့မဟုတ်) ဒုတိယမီးသတ်သမားများဖြစ်နိုင်ပါကြောင်း၊ ဘာကြောင့်လဲဆိုတော့ အရန်မီးသတ်တပ်ဖွဲ့ဝင်များဟာ သက်ဆိုင်ရာရပ်ကွက်များအတွင်းမှာ နေထိုင်ကြပြီး အမြဲလိုလို ရှိနေကြသူများဖြစ်တဲ့အတွက် ပထမ(သို့မဟုတ်) ဒုတိယအဆင့်မှာ မီးလောင်ရာနေရာကို ရောက်ရှိငြှိမ်းသတ်နိုင်ကြမှာ ဖြစ်ပါကြောင်း၊ ဒါ့ကြောင့် မိမိတို့သက်ဆိုင်ရာရပ်ကွက်များ မီးဘေးအန္တရာယ် လုံခြုံရေးအတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များဟာ များစွာ အရေးပါသူများဖြစ်တယ်ဆိုတာ ပြောကြားလိုပါကြောင်း၊ မီးလောင်မှုများသာမကပဲ အခြားသော ယာဉ်မတော်တဆဖြစ်မှု၊ ရေကြီးမှုစတဲ့ ရပ်ကွက်အတွင်း သို့မဟုတ် မြို့နယ်အတွင်းဖြစ်ပွားတဲ့ ဘေးအန္တရာယ်များ၊ ထူးခြားဖြစ်စဉ်များ ကိုလည်း အရန်မီးသတ်တပ်ဖွဲ့ဝင်များဟာ အရင်ဆုံးသိရှိပြီးတော့ သက်ဆိုင်ရာကို သတင်းပေးပို့ကြတာဖြစ်တဲ့အတွက် မိမိတို့မြို့နယ်အတွင်း ဖြစ်ပွားတဲ့ ဘေးအန္တရာယ်များကို ကနဦး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရန်မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ဖို့လိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ပြောကြားလိုတာကတော့ သင်တန်းသားများအနေနဲ့ သင်တန်းမှာ သင်ကြားပေးမဲ့ သင်ခန်းစာများကို စိတ်ပါဝင်စားစွာနဲ့ လိုက်ပါဆောင်ရွက်ပေးကြပါ၊ သင်ကြားပေးလိုက်တဲ့သင်ခန်းစာများကို လက်တွေ့နယ်ပယ်မှာ ပြည်သူလူထုအကျိုး အတွက် ထိရောက်စွာ အသုံးချကြပါ၊ မိမိရပ်ရွာ၊ မိမိမြို့နယ် အကျိုးအတွက် တတ်စွမ်းသရွေ့ စွမ်းစွမ်းတမံ ဆောင်ရွက်ကြပါ၊ ပြည်သူလူထုနဲ့ ရပ်ရွာအကျိုးအတွက် နာသုံးနာကိုအခြေခံပြီး မီးသတ်တပ်ဖွဲ့ဝင်တိုင်း ထားရှိရမည့် စိတ်ဓာတ်ဖြစ်သည့် မီးမလောင်စေချင်တဲ့စိတ်၊ လောင်နေတဲ့ မီးကိုအမြန်ဆုံး ငြှိမ်းစေလိုတဲ့စိတ်တို့ဖြင့် တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ပေးကြပါ၊ ပြည်သူလူထုမှ အားကိုးယုံကြည်ရသောတပ်ဖွဲ့ဝင်များ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားလိုပါကြောင်း” စသည်ဖြင့်ပြောကြားခဲ့သည်။ ထို့နောက် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ခိုင်ဝင်းက အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများအတွက် တူညီဝတ်စုံများကို ပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းတွင် တာမွေမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်တပ်ဖွဲ့ သမိုင်းကြောင်းများ၊ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်နှင့် လုပ်ငန်းစဉ်(၇)ရပ်၊ မီးသတ်ဆေးဘူးနှင့် မီးငြှိမ်းသတ်ရေး စက်ကိရိယာအမျိုးမျိုး၊ စက်ယန္တရားအမျိုးမျိုးအား လက်တွေ့ အသုံးပြုနည်းစနစ်များ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာတွင် အဓိကစစ်ဆေး ဆောင်ရွက်ရမည့်အချက်များ၊ ရေအကြောင်းနှင့်ရေဂါလန်တွက်နည်းများ၊ မီးသတ်တပ်ဖွဲ့ ဥပဒေ/နည်းဥပဒေများ၊ ရှေးဦးသူနာပြုစုနည်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အရန်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်များ၊ ကျေးလက်ဒေသ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ၂၀၂၅-ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့မှ နိုဝင်ဘာလ(၇)ရက်နေ့ အထိ ရက်သီတင်းပတ် လေးပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး တာမွေမြို့နယ်အတွင်းရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် မီးငြှိမ်းသတ်ရေးပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များ ကျွမ်းကျင်တတ်မြောက်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)